မိကျောင်းကန်
သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန်
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က အသိပေးချက်
ထုတ်ပြန်
Sun
day, 08 December 2013 02:05
ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ်
မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍
ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က
ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်အား သပိတ်စခန်း ဖွင့်လှစ်ရာအနီး ည ၁၀ နာရီခွဲခန့်တွင်
လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမိန့်စာထဲ၌ "ရန်ကုန်တိုင်းဒေသကြီး၊
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ၊
ဝေဇယန္တာလမ်းရှိ မြစာရံအေး စေတီအနီးတွင် ခွင့်ပြုချက်မဲ့
ဆန္ဒထုတ်ဖော်ခြင်းသည် ရက်ကြာလာသည့်အတွက် ပတ်ဝန်းကျင်ရှိ အများပြည်သူတို့အား
စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေပြီး ဥပဒေနှင့် မညီညွတ်သော အစုအဝေးဖြစ်ကြောင်း
သုံးသပ်ရရှိသဖြင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား
ဖယ်ရှားပေးရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ
အရေးယူသွားမည် ဖြစ်ကြောင်း" ဖော်ပြပါရှိပြီး မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိသည်။
အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင်
ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား လုံခြုံရေးအရ
ဆက်လက်ခွင့် မပြုနိုင်ပါကြောင်းနှင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ
နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက
ဆန္ဒထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တပ်မြို့စည်ပင်သာယာရေး
အဖွဲ့ရုံး(ရန်ကုန်)၏ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။
သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း
ပြောကြားကြသည်။ မြေကွက်ပြန်လည်ရရှိရေး ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက
"အန်တီတို့ဘက်ကတော့ နှစ်နဲ့လနဲ့ ချီရင်ချီသွားပါစေ။ ဒီနေရာက မထဘူး။
တကယ်လို့ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသက်အသေခံ
တိုက်ပွဲဝင်သွားမယ်"ဟု ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ပြောကြားသည်။
အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့်
မြေပြန်မရမချင်း ဒီနေရာက လုံးဝမထနိုင်ပါဘူး။ သရဏဂုံလည်း တင်ပြီးပါပြီ။
အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသေခံသွားမယ်။ ဒီနေ့လည်း
ခြံစည်းရိုးလာခတ်တဲ့သူတွေက တွန်းလို့ အဒေါ်လဲကျသွားပြီး လက်ကျိုးသွားတယ်။
ခုကျောက်ပတ်တီး ကိုင်ထားရတယ်။ မြေပြန် မရမချင်း မထပါဘူး"ဟု ပြောကြားခဲ့သည်။
မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂
ရက်အကြာ ယခုကဲ့သို့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား ရုပ်သိမ်းရန်
အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment