Saturday, March 2, 2013

ခဲထုသတ်ခြင်းနှင့် အစ္စလာမ်

မိရိုးဖလာ အမှောင်ထုသည် ပြိန်းပြိန်းပိတ် မဲမှောင်၏။ မျိုးရိုးစဉ်ဆက် အခိုင်အမာအမြစ် တွယ်ကုတ်ထားသည်နှင့်အညီ ထုနှင့်ထည်နှင့် ခိုင်မာ၏။ အလင်းဆောင် ထိုးဖေါက်ရခက် လှအောင် ထုထူ၏။ ကမ္ဘာ့လူသားထုအား ကယ်တင်ပါသည်ဆိုသော ဥာဏ်စဉ်ဆောင် ပုဂ္ဂိုလ်မြတ်တို့၏ မီးရှုးတန်ဆောင် သြ၀ါဒများသည်ပင် မိရိုးဖလာ အယူအောက်၌ မကြာ ခဏ ဦးကျိုးသွားရလေ၏။
မိရိုးဖလာအယူစွဲများ၏ သြဇာတက္ကိမမှာ ကြီးမားလွန်းသောကြောင့် ခေတ်ပညာတတ် ဟုခေါ်ဆိုသော လူသားအများစုကြီးပင် ရံဖန်ရံခါစဉ်းစားတွေးခေါ်ရခက် လှဘိ၏။ဟုတ် ပင် ဟုတ်လေ မလား မသိဟု သို့လောသို့လော ဖြစ်ရ၏။ နောက် ဆုံးတွင် ဆရာစဉ်သမား ဆက် အောက်၌ ပြားပြားဝပ် နာခံပေးလိုက် ရသည်က များတော့၏။
ဘုရားမှအပ ကိုးကွယ်ယုံကြည်ရာ မရှိဟု နေ့တဓူဝကြွေးကြော်လျှက် လူပုဂ္ဂိုလ်ကိုးကွယ် ဆည်းကပ်မှု အခန်းကဏ္ဍအားလျှော့ချထားသော အစ္စလာမ်သာသနာ၏ အရိပ် တွင်ပင်- ကုန်းဘောင် စာဆိုတော် ဦးပုည ပြောသကဲ့သို့ သကြားက ဘုရားကို နှစ်ရစ်လိမ်နေမှုများ ကြီး စိုးမင်းမူနေလေ၏။
ထိုသို့ ကြီးစိုးမင်းမူမှုများအနက် အီရန်နိုင်ငံမှစကီနာ မိုဟာမက်ဒီအာ့ရှ်တီယာနီအား ကာ မဖေါက်ပြန်မှုဖြင့် အရှင်လတ်လတ် ခဲထုသတ်ရန် ချမှတ်လိုက်သော ဆုံးဖြတ်မှုသည် ပူ ပူနွေးနွေး ပင်ဖြစ်နေ၏။ ထိုသို့- လူသားတစ်ဦးအား ခဲဖြင့်ထုသတ်ရန် ဆုံးဖြတ်မှုသည် ရိုးရာဒေသဆိုင်ရာ ဓလေ့ထုံးတမ်းကို စွဲလန်းမြတ်နိုးနေသည့် အရပ်သူကြီးများမှ ချ မှတ်မှုဖြစ်ခဲ့လျှင် လူ ကြားကောင်း သေး၏။
ယခုမူ- နိုင်ငံတော်၏  အစ္စလာမ်မစ် ခုံရုံးချုပ်မှ ထိုဆုံးဖြတ်ချက်အား အတည်ပြု ပေးလိုက် သည်ဟူသော အချက်မှာ အလွန်တရာ ရှက်ဘွယ်လိလိဖြစ်၍-ထိုသို့ သောဥပဒေဆုံးဖြတ် ချက်များ သည် ကျမ်းတော် မြတ်ကုရ်အံ၌ သွန်သင်ထား သည် မထားသည်ကို ပြန် လည်လေ့ လာရန် လိုအပ်ပေ တော့သည်။
ကျမ်းတော်ပါ- ဥပဒေများအား မလေ့လာမှီ၊ ထိုအရပ်ဒေသကြီး တစ်ခုလုံးရှိ လူ သားတို့၏ ရိုးရာအစွဲများအား အလျှင်အဦး သိထားရန် လည်း လိုအပ်သည်ဟု ထင်မြင်မိ၏။
အရှေ့အလယ်ပိုင်းသားတို့သည် ကာမဖေါက်ပြန်သည့် အမှုအား အရှင်လတ်လတ် ခဲနှင့်ထု သတ်ရန် ဆုံးဖြတ်လေ့ရှိနေခြင်းမှာ အစ္စလာမ် သာသနာ မပေါ်ထွန်းမှီ နှစ်ထောင်ပေါင်း များစွာက ပင်နှစ်ခြိုက်စွာကျင့်သုံးခဲ့ကြကြောင်း သမ္မာကျမ်း၏ဓမ္မဟောင်းကျမ်း၌ မြောက် များစွာ ဖေါ်ပြထားကြောင်း တွေ့ရ၏။ထိုသို့ ဆုံး ဖြတ်သည့် ဥပဒေအား ခရစ်တော်ယေရှု ပွင့်ပေါ်လာ စဉ်က လိမ္မာပါး နပ်စွာဖြင့်-သင်တို့အနက်မှ အပြစ်မရှိသောသူက ထိုတရား ခံအားခဲဖြင့်ထုသတ်ကြ လော့-ဟု သွန်သင်ခဲ့ကြောင်း ဓမ္မသစ်ကျမ်းတွင် ထင်ရှားစွာတွေ့ ရပေသည်။ ဆိုလိုသည် မှာ လော က၌ အပြစ်ကင်းသူဟူ၍ မရှိသဖြင့်- ခဲဖြင့်ထု သတ်ခြင်း အမိန့်ကို အ ကောင်အထည် ဖေါ်နိုင်သောသူ မရှိတော့- ဟု ဖြစ်၏။
သို့သော် မိရိုးဖလာ အမှောင်သည်ကား ထိုအလင်းတစ်ချက်တည်းဖြင့် လင်းစင်သွားနှင့် သည်မဟုတ်ပေ။ မည်သည့်ဥာဏ်စဉ်ဆောင်က မည်မျှပင်ဟောကြားသွန်သင်သည်ဖြစ်စေ လိုက်နာ ၊ဆောင်ရွက်သူကား အနည်းမျှလောက်သာ ဖြစ်၍- အများစုကြီးမှာ ရသည့် နည်းဖြင့်မိရိုးဖလာ၌ တွယ်ကုတ်နေကြသည်သာဖြစ်၏။ အရှေ့အလယ်ပိုင်းဒေရှိ မည်သည့် ဘာသာဝင်များသည်မဆို ထိုအယူ ထိုဥပဒေအား တွယ်ကုတ်ဖက်တွယ် ထားကြောင်းကို ယခုခေတ် အထိ တွေ့နေရလေ သည်။
၂၀၀၇မေလ ၃ရက်နေ့တွင် အီရတ်နိုင်ငံ မိုဆိုမြို့အနီးရှိ ယဇက်ဒီ ဘာသာဝင်အများ စု နေထိုင်ရာ ဘရှီခီမြို့မှ အသက် ၁၇နှစ်အရွယ် အမျိုးသမီးငယ် အာ့ဆ်ဝါ့ဒ် အားသူမ၏ ချစ်သူ မွတ်စလင်မ် အမျိုးသားလေး နောက်သို့ခိုးရာပါ လိုက်သွားသည့် အမှုကြောင့် ယဇက်ဒီ ဘာသာဝင် တရားသူကြီးများက အရှင်လတ်လတ် ခဲဖြင့်ထုသတ်ရန် ဆုံးဖြတ် ချက် ချမှတ်ခဲ့၏။ ထိုအမျိုးသမီး ငယ် အား ကူမည့်ကယ်မည့် သူမရှိ။ သူ့ခမြာအချစ်အ တွက် ခဲချက်ဖြင့် အသက်ပေးသွား ရရှာတော့၏။ အလားတူ ဖြစ်ရပ်မျိုးသည်ကား အရှေ့ အလယ်ပိုင်း ဒေသ– ကျေးလက်တောရွာ များ တွင် နေထိုင်သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဒူရ်စီ၊ ယဇက်ဒီ၊ ဖာရ်စီနှင့် ဒေသဆိုင်ရာ ရိုးရာဘာသာ ကိုးကွယ်နေကြသည့် လူသားများ အကြား၌ ယနေ့တိုင် ဆက်လက်ဖြစ် တည်နေဆဲပင်။
သတင်းပေါက်ကြား သည်ကိုသာ ကမ္ဘာကသိလိုက်၍ သတင်းမသိ၊ လူမသိဘဲ အရှင် လတ်လတ် ခဲထုသတ်ခံနေရသည့် အဖြစ်သည်ကား (ဒေသကြီး တစ်ခုလုံး အား ယေဘု ယျ တွက်ချက် လျှင်) နေ့စဉ်ရက်ဆက်နီးပါး ရှိနေလေသည်။ (အာရဗ်စကားပြော၍ အာရဗ် ရိုးရာဝတ်စုံ ကို ၀တ်ဆင်ထားလျှင် အစ္စလာမ် သာသနာဝင် ဖြစ်ရမည်ဟု ခံစားထားသူ များရှေ့မှောက်၌ ထိုအချက် သည် အစ္စလာမ် သာသနာ အား ထိခိုက်နစ်နာစေသော အချက်တစ်ခုပင် ဖြစ်တော့သည်။)အစ္စလာမ်သာသနာဝင်များ လိုက်နာ စောင့် စည်းရန် ချမှတ်သွန်သင်ထားသော ကျမ်းမြတ်ကုရ်အံ၌ မည်သည့် အမှုကို ကျူးလွန်သူအား အရှင် လတ်လတ် ခဲဖြင့် ထုသတ်ကြဟု မိန့်ဆိုထားခြင်း လုံးဝ မရှိချေ။ကာမ ဖေါက်ပြန်မှုနှင့် ပတ်သက် ၍ ချမှတ်ထားသော ဥပဒေမှာ— (၂၄း၂—၅)
الزَّانِيَةُ وَالزَّانِي فَاجْلِدُوا كُلَّ وَاحِدٍ مِّنْهُمَا مِئَةَ جَلْدَةٍ وَلَا تَأْخُذْكُم بِهِمَا رَأْفَةٌ فِي دِينِ اللَّهِ إِن كُنتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَلْيَشْهَدْ عَذَا بَهُمَا طَائِفَةٌ مِّنَ الْمُؤْمِنِينَ۞
(ဖေါက်ပြန်မေထုံပြုသောသူမ၊ ဖေါက်ပြန်မေထုံပြုသောသူ- သူတို့ကိုယ်စီအား ကြိမ်ဖြင့် တစ်ရာစီ ရိုက်လော့။ သူတို့အား စာနာ၍ အလ္လာဟ်အရှင်၏ သာသ နာအား ဘက်မ ယိမ်းစေလင့်- သင်တို့သည် အလ္လာဟ်အရှင်နှင့် နောင်ဘ၀ ကာ လအား ယုံကြည်လျှင်- ယုံကြည် သူတို့မှ တစ်စုအား သူတို့အား ပြစ်ဒဏ် ပေးခြင်း တွင် သက်သေသက်ကန် ဖြစ်စေလော့-။)
الزَّانِي لَا يَنكِحُ إلَّا زَانِيَةً أَوْ مُشْرِكَةً وَالزَّانِيَةُ لَا يَنكِحُهَا إِلَّا زَانٍ أَوْ مُشْرِكٌ وَحُرِّمَ ذَلِكَ عَلَى الْمُؤْمِنِين۞
(ဖေါက်ပြန်မေထုံ ပြုသူသည် ဖေါက်ပြန်မေထုံ ပြုသောသူမ သို့မဟုတ် ရောပြွန်း ကိုးကွယ်သော သူမကိုသာ သိမ်းဆည်းနိုင်၏။ ဖေါက်ပြန် မေထုံပြုသော သူမ သည်လည်း ဖေါက်ပြန်မေ ထုံ ပြုသောသူ သို့မဟုတ် ရောပြွန်းကိုးကွယ်သော သူ ကိုသာ သိမ်းဆည်းနိုင်၏။ ထိုကိစ္စကို ယုံကြည်သူတို့အတွက် တရားမ၀င် ပ ညတ်ပြီး ဖြစ်၏။)
وَالَّذِينَ يَرْمُونَ الْمُحْصَنَاتِ ثُمَّ لَمْ يَأْتُوا بِأَرْبَعَةِ شُهَدَاء فَاجْلِدُوهُمْ ثَمَانِينَ جَلْدَةً وَلَا تَقْبَلُوا لَهُمْ شَهَادَةً أَبَدًا وَأُوْلَئِكَ هُمُ الْفَاسِقُونَ۞
(ကာမစည်းစောင့်သော သူမအား စွပ်စွဲပုတ်ခတ်သောသူ၊ ထိုသူသည် သက်သေ လေးဦးကို မပေးအပ်နိုင်လျှင် သူတို့အား ကြိမ်ြ့ဖင့် ရှစ်ဆယ်စီရိုက်လော့။ ထို့ပြင် သူတို့၏ သက်သေထွက် ချက် အား မည်သည့်အခါတွင်မှ အတည်မဖြစ် စေလင့်။ ထိုသူတို့သည် ယုတ်မာ ကောက်ကျစ်သူများ ဖြစ်ကြ၏။)
إِلَّا الَّذِينَ تَابُوا مِن بَعْدِ ذَلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ۞
(အကယ်၍ သူတို့သည် ခ၀ါချကြလျှက် သည့်နောက်တွင် ပြုပြင်ပြောင်းလဲကြ လျှင် – ဧကန်ပင် အလ္လာဟ်အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။)
ဖေါ်ပြပါ ဥပဒေများအနက် ၂၄း၂ နှင့် ၂၄း၎ တွင် ကြိမ်ဖြင့်ရိုက်လော့- ဟူသော စကားလုံး အတွက် (ဂျလိဒ جلِد ) ကိုသုံး၍ ထိုစကားလုံးသည် ပြတ်သားစွာ အရေးယူဆောင်ရွက် ရန် ပုံဖေါ်ပေး သည့် စကားလုံးသာ ဖြစ်ပေသည်။ အသေရိုက်သတ်ခိုင်းခြင်း၊ခဲနှင့်ထုသတ် ခိုင်းခြင်း လုံးဝ(လုံးဝ) မဟုတ်ပေ။ တနည်းအားဖြင့် ထိုစကားလုံးအား အရှင်လတ်လတ် ခဲနှင့် ထုသတ် ကြလော့ဟု မည်သို့မျှ ဘာသာ ပြန်၍ မရပေ။
ထိုဥပဒေအား နားလည်စေရန် ထိုဥပဒေပါ စကားလုံး ဝေါဟာရများအား ဗလီ ဆရာတို့ အား အပ်နှံထားခြင်းထက် ဥပဒေဝေါရဟာအနက်ကို ဆည်းပူးသင်ယူ လေ့လာနေသော ဥပဒေပညာ ရှင်များ ရှေ့နေများထံ၌သာ ဖွင့်ဆိုပေးပါရန် အကြံ တောင်းသင့်ပေသည်။
၂၄း၂ ပါ ဥပဒေသည် ဖေါက်ပြန် မေထုံပြုကျင့်သူ မိန်းမ၊ယောက်ျား နှစ်ဦးလုံးအား ပြတ် သားစွာ အရေးယူရန်- ထိုသို့ အရေးယူရာ၌ မျက်နှာလိုက်ခြင်း၊ လာ့ဘ်ယူခြင်းများဖြင့် တ ရားခံတို့အား အမှုမှပလပ်မှု မရှိစေရန် ယုံကြည်သူများအနက် လူတစ်စု၏ ရှေ့မှောက်တွင် သက်သေသက်ကန်ဖြင့် အရေးယူရန် တိကျစွာ ဆိုထားကြောင်း တွေ့ရပြီး။ ထိုသို့အရေး ယူရာတွင် အသေသတ် ပစ်ကြဟူသော စကားလုံးကို လုံးဝ ဖေါ်ပြထားခြင်း မရှိသည့် အပြင်– ထိုသို့ စရိုက်ပျက်သူများ သည်၊ သူတို့ကဲ့သို့ စရိုက်ပျက်နေသော သူများနှင့်သာ ၊ပေါင်းသင်းရန် ထိုက်တန် သည်ဟု ဆက် လက်ပါ ဥပဒေ ၂၄း၃ တွင်ဖေါ်ပြထားကြောင်း ၊တွေ့နေရပေသည်။ အကယ်၍ တရားခံတို့အား အသေသတ်ပစ်ခဲ့သော်သူတို့နှင့်ပေါင်း သင်း ထိုက်တန် မည့်သူတို့အားဖေါ်ပြနေရန် မလို ၊တော့ပေ။
သေဆုံးပြီးသူများမှာ နောက်ထပ်အိမ်ထောင်ပြုရန် မည်သို့မျှမဖြစ်နိုင်ချေ။ ထို့ကြောင့် ဤဥပဒေများပါ ဂျလဒ جلِد ၏ ဆိုလိုချက်မှာ ထိုဇရာဝတ်ကောင်တို့အား ယဉ်ကျေး သည့်လူ့အ သိုင်းအ ၀ိုင်းမှာ ထုတ်ပါယ်ပစ်ခြင်း၊ အရှက်တကွဲဖြစ် နောင်တရ၍ ထိုကဲ့သို့ အကုသိုလ်မှုများအား ဆက်လက်မကျူးလွန်နိုင်စေရန် ဆင်ခြင်စေခြင်းစသည့် ပြတ်သား စွာအရေးယူခြင်းများကိုသာ ဆိုခြင်း သာဖြစ်သည်။ အစ္စလာမ်ပေါ်ထွန်းလာစဉ်ကာတွင် ကြိမ်ဖြင့်ရိုက်ခြင်း ကြာပွတ်ဖြင့်ရိုက်ခြင်း စသည်တို့မှာ မှတ်သားသွားစေရန် ဆုံးမခြင်း သာဖြစ်သည်။ တနည်းအားဖြင့် မလိမ်မာသောသား၊ တ ပည့်တို့အား မိဘ၊ဆရာများက ဆုံးမခြင်းမျိုးကို ဆိုလိုပေသည်။ ရန်သူနှစ်ဦး- လက်စားချေ သတ်ဖြတ်ခြင်း မျိုးများကို မ ဆိုလိုပေ။
ထိုသို့အရေးယူနိုင်ရန်မှာလည်း အနည်းဆုံး မျက်မြင်သက်သေလေးဦးလိုအပ်ပေသည်။ ထိုသို့ တိကျခိုင်လုံသော သက်သေ အထောက်အထား လေးဦးမပြနိုင်ဘဲလျှက် စွပ်စွဲသူတို့ အား ကြိမ်ဖြင့်အချက် ရှစ်ဆယ်ရိုက်စေရမည်ဟု ဆက်လက်ဆိုထားပေ သည်။ တနည်း အားဖြင့် သူတစ်ပါးအား မဟုတ်မတရား အရှက်ရစေသောသူအား အသရေ ဖျက်မှုဖြင့် ဆုံးဖြတ်ရမည်ဟု ဆို လိုခြင်းဖြစ်၍ ထိုသူ အားလည်းခဲဖြင့်ထုသတ် ရမည်ဟုဆိုထားခြင်း မရှိချေ။
ထိုဥပဒေများ၏အချုပ်တွင် ထိုရာဇ၀တ်ကောင်များ၊ စွပ်စွဲပုတ်ခပ်သူများ အားလုံးကိုရည် ညွှန်း၍- အကယ်၍ထိုသူတို့သည် မိမိတို့အပြစ်ကို နောင်တရကြလျှင် (ခ၀ါချကြလျှက်) ၊ပြုပြင်ပြောင်း လဲ ကြလျှင်ဧကန်ပင် အလ္လာဟ်အရှင်သည် လွတ် ငြိမ်းစေသောအရှင်၊ အကြင်နာရှင်ဖြစ်တော်မူ၏ဟု ဆိုထားကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်ဟု ဆိုထားပေ သည်။
အကယ်၍ အမှုကျူးလွန်သူအား အသေသတ် ခဲ့ပြီးဖြစ်လျှင် မည်သို့မှ အသက် ချမ်းသာ ခွင့်ပေး၍ မည်သို့မျှ မရနိုင်တော့ပေ။ ထိုသို့ အသက်ချမ်းသာပေး၍ မရ နိုင်တော့ အောင် ချမှတ်ရမည့် ဥပဒေဟူ၍ ကျမ်းတော်တွင် လုံးဝ ဖေါ်ပြမထားချေ။
ထို့ကြောင့် ဘုရားရှင်က အသက်ချမ်းသာပေး၍ ရစေနိုင်စေရန် ချမှတ်ထားသည့် ဥပဒေ များအား အသက်ချမ်းသာ ပေး၍မရနိုင်လောက်သော ဥပဒေများအဖြစ် ပြောင်းလဲ ဖွင့် ဆိုလိုက်ခြင်း သည်။ စာဆိုတော် ဦးပုညပြောသကဲ့သို့ အမှုဆုံး ဖြတ်ခွင့်များကိုမောင်ပိုင်စီး ထားသော ဘာသာရေးအာဏာရှင် သကြားများက ဘုရားကို လိမ်လည် လိုက်ခြင်းသာ ၊ဖြစ်တော့သည်။
ထိုသို့ဘာသာရေး အာဏာရှင်တို့အနေဖြင့် အကယ်၍ဖေါက်ပြန်မေထုံပြုသူ အမျိုးသမီး များမှ လက်အောက်သြဇာခံဖြစ်သော သူမတို့အားအပြစ်ပေးသည့်အခါတွင် လွတ်လပ် စွာ ဆုံးဖြတ်နိုင် သည့် သူမတို့အား ပေးသည့် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာပေးကြလော့ ဟု ဆိုထားသည့် ကျမ်းတော်ပါ- ၄း၂၅ ပါ ဥပဒေ အား မည်သို့ ဖွင့်ဆို၍- မည် သည့် နည်းဖြင့် ၊သေဒဏ်ထက်ဝက် ကို ပေးမည်နည်း ဟု မေးမြန်းသင့်လှပေတော့သည်။
ဌေးလွင်ဦး (islammyanmar.com)

About

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwinoo@islammyanmar.com
http://islammyanmar.com/

5 Comments

Ko Sein says:
အပ်ဆလာမ်မိုအာလိုက်ကွမ်း
ဆရာဦးဌေးလွင်ဦး ခင်ဗျာ,
ယခုလိုကိုရ်အာန်မှ ဆိုလိုရင်းအမှန်များကိုဖေါ်ပြပေးသည့်အတွက် ကျွန်တော်တို့ တွေဗဟုသုတအများကြီးရပါတယ်။ သိချင်တာလေးတွေရှိလို့ ဖြေပေးပါခင်ဗျာ။
(၁) ယခုလိုဖေါ်ပြသောပြစ်ဒါဏ်များသည် အိမ်ထောင်ရှင်များကိုသာ ဆိုလိုတာလား အိမ်ထောင်မရှိသောအပျို၊လူပျို များလည်းအပါအ၀င်ဖြစ်ပါသလား။
(၂) အရှေ့ တောင်အာရှ ရှိမူဆလင်အများစုနေထိုင်ရာ နိုင်ငံများတွင်ရော မည်ကဲ့သို.့စီရင်ဆုံးဖြတ်ကြပါသလဲ။ အထူးသဖြင့် မြန်မာနိုင်ငံတွင်ရော ရှင်းပြပေးပါ။
(၃) အမေရိကတွင် ဥပဒေဖြင့်တရားဝင်သတ်မှတ်ထားခြင်းရှိလျှင်သိပါရစေ။
(၄) ခဲနှင့်ထုသတ်ကြဟူသည့် ပြစ်ဒါဏ်ကို ကိုရ်အာန်မြန်မာဘာသာပြန်တစ်ခု၏ foot note တွင် တမန်တော်မြတ်၏ ဟဒီးစ် များတွင် ပါရှိပါသည်ဟု ဖေါ်ပြပါသည်။ မည်သို့ ပါရှိကြောင်း ရှင်းပြနိုင်လျှင် ရှင်းပြပေးပါ။
(၅) သက်သေလေးဦးဟုဖေါ်ပြရာတွင် အမျိုးသားရော၊ အမျိုးသမီးပါ ဖြစ်နိုင်ပါသလား။
ကျေးဇူးအထူးတင်လျှက်
ကိုစိန်
Thumb up 2 Thumb down 0
16 Sep 10 @ 11pm
ဆလာမ်
ကျွန်တော့ တင်ပြချက်အပေါ်မှာ ဗဟုသုတ ဖြစ်တယ်လို့ ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(၁) ဥပဒေ တစ်ခုဟာ အရွယ်ရောက်သူတိုင်းအတွက် အကြုံးဝင်ပါတယ်။ ကျမ်းတော်မှာလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသူနဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေနေရသူပဲ အပြစ်ပေးခံရမှု ကွာခြား ကြောင်း ဖေါ်ပြထားပါတယ်။ (၄း၂၅) ကာမဖေါက်ပြန်မှု တစ်ခုကို သတ်မှတ်ရာမှာ ကျမ်းတော်က ဖေါက်ပြန်သူ ကာယကံရှင် မိန်းမ ယောကျား (၂) ဦးလုံး သဘောတူညီစွာဖေါက်ပြန်မှုမျိုးကို ဆိုလိုတယ်။ ဒါကြောင့် အဲ့ဒီ ဥပဒေမှာ မိန်းမကို စကားလုံးအားဖြင့် အလျှင်တင်ပြထားခြင်း ဖြစ်တယ်။ တကယ်လို့ မိန်းကလေးက သဘောမတူရင်- သို့မဟုတ် ယောကျားလေးက သဘောမတူရင် ကာမဖေါက်ပြန်မှုထက် ကြီးမားတဲ့ မုဒိန်းမှု ဖြစ်တယ်။ သို့မဟုတ် ဖြားယောင်းသွေးဆောင်မှု ဖြစ်တယ်။ အဲ့ဒီ အမှုတွေကို ရှောင်ဘို့ ကျမ်းတော်က အပြတ်ပိတ်ပင်ထားတယ်။ ကျမ်းတော်က ပိတ်ပင်ထားရာကို ကျူးလွန်သူဟာကာဖရ်အစစ်ဖြစ်တယ်၊ အလ္လာဟ်နဲ့ ကိုယ်တော်မုဟမ္မဒ်ကို စစ်ကြေညာသူဖြစ်တယ်။ သူတို့အတွက် သေဒဏ်၊ စီးပွားရေးပိတ်ဆို့ခြင်းဒဏ်၊ ပြည်နှင်ဒဏ်၊ တစ်သက်တကျွန်း ပြစ်ဒဏ်ခံရမှု အဆင့်ဆင့်ရှိတယ်။ (၅း၃၃)
ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးလေးတွေကိုလည်း သူတို့ ဆန္ဒမပါဘဲ ပြည့်တန်ဆာ အဖြစ်သိမ်းသွင်းရင်- သိမ်းသွင်းသူ၊ တွန်းပို့သူဟာ ကျမ်းတော်ပါ ဥပဒေကို စော်ကားသူဖြစ်တယ်။ ၂၄း၃၃။ ကျမ်းတော်ပါ ဥပဒေကို စော်ကားသူတိုင်းဟာ အခြေခံဖွဲ့စည်းပုံ ဥပဒေကို စော်ကားခြင်းဖြစ်လို့ ၅း၃၃ နဲ့ ငြိပါတယ်။
(၂) မြန်မာအပါအ၀င် အရှေ့တောင် အာရှနိုင်ငံတွေမှာရော- အမေရိကမှာရော- ဖေါက်ပြန်လော်မာမှု၊ မုဒိန်းမှု၊ ဖြားယောင်းသွေးဆောင်မှု- စတဲ့ ရာဇ၀တ်မှုတွေအတွက် ပြစ်ဒဏ်ပေးဘို့ ဥပဒေ ရေးဆွဲထားတာ ရှိပါတယ်။ ဒီလို ရာဇ၀တ်မှုတွေအတွက် ပြစ်ဒဏ် ရှိနေပါတယ်ဆိုတဲ့ ဥပဒေ သတ်မှတ်မှုဟာ ကျမ်းမြတ်ကုရ်အံနဲ့ ကိုက်ညီပါတယ်။ ဘယ်လောက်ပဲ ရာဇ၀တ်မှု ဖြစ်ဖြစ် အရေး ယူစရာ မလိုဘူးလို့ သတ်မှတ်လိုက်မှ သို့မဟုတ် ရှေးဝဋ်ကြွေးကြောင့်ဖြစ်ရတာပါလို့ ခံယူပြီး အရေးယူမှုအတွက် ပြဌာန်းချက်
မရှိတော့မှ ကျမ်းမြတ်ကုရ်အံပါ- အရေးယူကြဆိုတဲ့ ဥပဒေနဲ့ ဆန့်ကျင်သွားပါတယ်။ အရေးယူမှုတိုင်းမှာ သက်ဆိုင်ရာ လူမျိုး၊ ခံစားချက်၊ ယဉ်ကျေးမှု၊ ဓလေ့တွေပေါ်မူတည်ပြီး ဥပဒေ ပညာရှင်များက ရေးဆွဲကြရပါတယ်။ ဒီလို ရေးဆွဲဘို့ကိုပဲ ကျမ်းတော်က လမ်းညွှန်လမ်းပြ သွန်သင်ထားတာပါ။ (၃) ဟဒီးဆ်ကျမ်းတွေကိုတော့ ဟဒီးဆ်ကျမ်း အားသန်သူတွေက ကိုးကားမှာပါပဲ။ ကျွန်တော်လေ့လာမိသလောက် ကိုယ်တော်မုဟမ္မဒ် လက်ထက်တော်က ခဲထုသတ်ခဲ့တဲ့ သမိုင်း မတွေ့ ရဘူး။ သမ္မတကြီး အိုမာရ်လက်ထက်မှ သူ့သားအရင်း ကိစ္စနဲ့ ပတ်သက်ပြီး ကြိမ်ဒဏ်ပေးခဲ့ကြောင်း တွေ့ရပါတယ်။ ဒီကိစ္စမှာတောင် ကြိမ်ဒဏ်ပေးခံရတဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတော့- ဗိုက်ထဲက အပြစ်မဲ့ကလေးနဲ့ ပါတ်သက်ပြီး စောဒကတွေ တက်ခဲ့တာ ရှိပါတယ်။
(၄) ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်သေ လေးယောက်ဆိုတာမှာ ကျမ်းတော်က အမျိုးသား အမျိုးသမီး ခွဲထားတာ မရှိပါ။
ကျေးဇူးတင်စွာဖြင့်
ဌေးလွင်ဦး
Thumb up 4 Thumb down 0
18 Sep 10 @ 12pm
Asslamulaikum
Thank you Ko Htay Lwin Oo for highlighting an important issue that all Muslims should now.Your post with the comment and answer clear many issues that most Muslims get confused.
with regards,
KKO
Thumb up 1 Thumb down 0
20 Sep 10 @ 12am
ုKo Sein says:
ဆလာမ်
ဆရာဦးဌေးလွင်ဦး အခုလိုရှင်းပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
ဆရာဦးဌေးလွင်ဦးနှင့် မိတ်ဆွေရောင်းရင်းများ အစ္စလာမ်ဘာသာရဲ့အကျိုး
ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ပါစေလို့ ဆန္ဒပြုလျှက်။
ကိုစိန်

0 comments:

Post a Comment