ဗုဒ္ဓဘာသာရဲ့
ပန်းတိုင်ဟာ ၀ိမုတ္တိ၊
အနှစ်သာရဟာ ငြိမ်းအေးမှု၊
စရိုက်ဟာ ယဉ်ကျေးမှု၊
ဗုဒ္ဓဘာသာသမိုင်းမှာ ထင်ရှားကျော်ကြားသော သာသနာ့ဒါယကာ တစ်ဦးဖြစ်တဲ့ သီရိဓမ္မာသောကမင်းကြီးဟာ ဂေါတမဘုရားရှင်ကို ကြည်ညို လွန်းလို့ ဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ရေတွင်း၊ ရေကန် တွေနှင့် သာသနာ့ အဆောက်အဦးတွေကို နေရာအနှံ့များပြားစွာ ပြုလုပ်လှူဒါန်း ခဲ့တယ်။ သူဟာ သာသနာတော်ရဲ့ ဥပါသကာ တစ်ဦးဖြစ်ချင်ခဲ့တယ်။ ဒါကြောင့် သူဟာ သာသနာ့ အဆောက်အဦးတွေနဲ့သာမက သူ့ရဲ့အာဏာ စက်နဲ့လည်း ကာကွယ်စောင့်ရှောက်ခဲ့တယ်။ အရာထမ်းများအားလုံးကို လည်း နေရာ ဒေသများစွာသို့ သွားရောက်စေပြီး ဘုရားရှင်ရဲ့ တရားတော် တွေကို ဟောပြောစေခဲ့တယ်။ အားကြိုးမာန်တတ် သာသနာတော်ကြီးကို ဥစ္စာရော အာဏာပါ အသုံးပြုလျှက် ကာကွယ်စောင့်ရှောက်ရင်း သာသနာ ပြုခဲ့တယ်။ နှလုံးသားထဲမှာ ဘာသာတံဆိပ်ကို ခပ်နှိပ်ခဲ့တယ်။ ထို့ပြင် အသောကမင်းကြီးဟာ သာသနာတော်ကြီးကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ လှူဒါန်းရုံမျှမက သူ့ရဲ့ သားတော်မဟိန္ဒနှင့် သမီးတော်သံဃမိတ္တာတို့ကို လည်း သာသနာ့ဘောင်သို့ဝင်စေကာ သာသနာ့ဒါယကာအဖြစ် ခံယူခဲ့တယ်။ သာသနာ့အမွေကို ပေးခဲ့တယ်။ ဘာသာတံဆိပ်ကို ခပ်နှိပ်ခဲ့တယ်။ သားတော်ရဟန်းနှင့် သမီးတော်ရဟန်းမတို့ကို အခြားသောလူ အပေါင်းကို ဘာသာတံဆိပ်ခပ်နှိပ်စေရန် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ သာသနာပြု ကြွစေခဲ့တယ်။ ယ္ခုကဲ့သို့ မေ့ပျောက်၍ မရတဲ့ သာသနာ့ သမိုင်းမှာ ထင်ရှားရှိနေတဲ့ သာသနာပြုနည်းများကို နောင်လာနောက်သားများ အနေဖြင့် လိုက်နာကျင့်သုံးရမယ်။
ဗုဒ္ဓဘာသာရဲ့ တံဆိပ်အမျိုးမျိုးကိုပြုလုပ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်၊ ဈေးဆိုင်၊ ကား စသည်တို့မှာ ကပ်နေရုံမျှဖြင့် မိမိဘာသာကို ကာကွယ် စောင့်ရှောက်မှု မရောက်နိုင်။ စိတ်ချ၍မရနိုင်။ ဒါဟာ ပြင်ပတံဆိပ်ကပ်ခြင်း သာလျှင်ဖြစ်တယ်။ အိမ်မှာ ဘာသာတံဆိပ်ကပ်ပြီး ဘာသာခြားရဲ့ ဖျားယောင်းမှုကို သာယာနေမယ်၊ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေမယ်ဆိုရင် ဒီတံဆိပ်ဟာ ဘာသာခြားတို့အတွက် ဟာသတစ်ခု ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မိမိတို့အနေဖြင့် ကိုယ့်ဘာသာအကြောင်းကို သိနိုင် အောင်ကြိုးစားကြရမယ်။ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်ဟာ ၀ိမုတ္တိ (လွတ်မြောက်မှု) ဖြစ်တယ်။ အနှစ်သာရဟာ ငြိမ်းအေးမှု ဖြစ်တယ်။ စရိုက်ဟာ ယဉ်ကျေးမှု ဖြစ်တယ်။ သာသနာပြုတဲ့အခါမှာ ပထမဦးဆုံး ယဉ်ကျေးမှုရှိအောင် ဆုံးမညွှန်ပြရမယ်။ ယဉ်ကျေးမှုရှိလာမှ ငြိမ်းအေးမှုကို လိုချင်လာမယ်။ ရှာဖွေချင်စိတ်ဖြစ်ပေါ်လာမယ်။ သူဟာ ငြိမ်းအေးမှုကို ရှာဖွေရင် ၀ိမုတ္တိကို ရရှိမှာဖြစ်တယ်။ ဒါကြောင့် ယဉ်ကျေးမှုရှိအောင် အရင်ဦးစွာ ပြုလုပ်ရမယ်။ ဒါဟာ ဘာသာတံဆိပ်ကို ခပ်နှိပ်ခြင်းဖြစ်တယ်။ ဘယ်သောအခါမှ ဒီတံဆိပ်ဟာ မပျက်ဆီးတော့ဘူး။ ဘယ်လိုအန္တရယ်မျိုးနဲ့ ကြုံတွေ့ကြုံတွေ့ ဒီတံဆိပ်ကို မစွန့်လွှတ်တော့ဘူး။ ခိုင်မြဲသွားပြီ။ ဗုဒ္ဓဘာသာ ၀င်တွေအနေနဲ့ ဒီလိုဘာသာတံဆိပ်မျိုးကို ခပ်နှိပ်နိုင်မှ အန္တရာယ်မျိုးစုံ ရန်ကနေ ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်တယ်။
ဘယ်အရာက အဓိကဖြစ်သလဲ၊ ဘယ်အရာက သာမည ဖြစ်သလဲ ဆိုတာ သိစေချင်သော ဆန္ဒတစ်ခုကြောင့်သာ ဒီစာကို ရေးသားခြင်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အခု “၉၆၉” တံဆိပ်တွေ ပြုလုပ်ပြီး ဖြန့်ဝေနေတဲ့အချိန် တချို့ကလည်း မကြိုက်ဘူး “အရဟံ” တံဆိပ်ပဲ ကောင်းတယ်ဆိုပြီး ပြုလုပ်နေကြတယ်။ တံဆိပ်ရဲ့နောက်ကိုပဲ လိုက်နေ ကြတယ်။ အဓိကအရေးကြီးတဲ့အရာကို သိသင့်တယ်။ မိမိတို့ဘာသာရဲ့ အနှစ်သာရကို သိရင် ဒီတံဆိပ်တွေမရှိလည်း သူဟာ ဘယ်လိုနေထိုင်ရမယ်။ မိမိဘာသာကို ဘယ်လို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘယ်လိုတံဆိပ်မျိုးကို ခပ်နှိပ်ရမယ် ဆိုတာ သိစေချင်ပါတယ်။ အချင်းချင်း အမြင်မတူတာနဲ့ စိတ်ဝမ်းမကွဲကြပါနဲ့။ အမြင်မတူပေမဲ့ ရည်ရွယ်ချက်ချင်းတူညီတဲ့အတွက် လက်ခံပေးကြပါ။ စည်းလုံးကြပါလို့ ဆန္ဒပြုရင်း……။
✍ ဘ၀ကျောင်းဖတ်စာ

RSS Feed
Twitter
7:12 PM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment